သလိပ်က ပြောပြနေသော သင့်ကျန်းမာရေး
သလိပ်ဟာ ခန္ဓာကိုယ်က ထုတ်တဲ့ သဘာဝအကျိအချွဲ ဖြစ်ပြီး Mucins နဲ့ တခြားပရိုတင်းတွေ ပါဝင်ပါတယ်။ သလိပ်ရဲ့တာဝန်ဟာ အသက်ရှူလမ်းကြောင်းရဲ့ နံရံတွေ ချောမွေ့ဖို့အတွက်နဲ့ ပြင်ပကဝင်လာတဲ့ ဖုန်မှုန်တွေ၊ ရောဂါပိုးတွေကို ကာကွယ်ဖို့အတွက် ဖြစ်ပါတယ်။ ပြင်ပက အရာဝတ္ထုတွေ ဝင်ရောက်လာတဲ့အခါ ချောင်းဆိုးပြီး သလိပ်ဟပ်ထုတ်ခြင်းဖြင့် ကာကွယ်ပေးတာပါ။
တချို့အခြေအနေတွေမှာ ခန္ဓာကိုယ်ကနေ သလိပ်တွေ အလွန်အကျွံ ထုတ်လုပ်ပေးပါတယ်။ သလိပ်ရဲ့အရောင် အပျစ်အကျဲနဲ့ ပမာဏကို ကြည့်ပြီး အဆုတ်နဲ့လေပြွန်ရောဂါတွေကို သိနိုင်ပါတယ်။
(1) ဆေးလိပ်သောက်သူတွေ
ဆေးလိပ်သောက်တာဟာ အဆုတ်ကင်ဆာ၊ နာတာရှည် လေပြွန်ရောင်ခြင်းနဲ့ နာတာရှည် လေပြွန်ကျဥ်းခြင်း အပါအဝင် အဆုတ်နဲ့ လေပြွန်ရောဂါတွေကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပါ။ ဆေးလိပ်ရဲ့ နီကိုတင်းအမှုန်တွေကနေ ကာကွယ်ဖို့အတွက် သလိပ်တွေ ပိုမိုထုတ်ပေးတာ ဖြစ်သလို မလိုလားအပ်တဲ့ အကျိအချွဲဆဲလ်တွေကို နည်းစေတဲ့ ပရိုတင်းတွေကို ဆေးလိပ်က ဖျက်ဆီးလိုက်တဲ့အတွက် အကျိအချွဲသလိပ်တွေ များလာတာ ဖြစ်ပါတယ်။ ဆေးလိပ်သောက်သူတွေရဲ့ သလိပ်ဟာ အညိုရောင် ဖြစ်လေ့ရှိပါတယ်။
(2) ပန်းနာရင်ကြပ်ရောဂါ
ပန်းဝတ်မှုန်တွေ၊ ညစ်ညမ်းတဲ့ဖုန်မှုန့်တွေနဲ့ ဓာတ်မတည့်ရာက ပန်းနာရင်ကြပ် ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်ဟာ အသက်ရှူလမ်းကြောင်း ပိုးဝင်လွယ်တဲ့ ရောဂါလည်း ဖြစ်သလို လေပြွန်တွေ ယောင်စေလို့ ချောင်းဆိုး၊ သလိပ်ထွက်စေပါတယ်။
(3) Cystic Fibrosis ရောဂါ
Cystic Fibrosis ရောဂါမှာ မျိုးရိုးဗီဇကြောင့် ခန္ဓာကိုယ်ကနေ ပျစ်ခဲနေတဲ့ သလိပ်တွေ ပိုမိုထွက်စေပြီး ထိုသလိပ်တွေက ဘက်တီးရီးယားတွေ ကြိုက်တဲ့နေရာဖြစ်လို့ အသက်ရှူလမ်းကြောင်း ပိုးဝင်လွယ်သလို ထိုသလိပ်ပျစ်ပျစ်တွေက ပိတ်ဆို့ပြီး အသက်ရှူရခက်ခဲတာ၊ ချွဲစုပ်ထုတ်ဖို့ လိုအပ်တာ ဖြစ်တတ်ပါတယ်။
(4) အအေးမိတုပ်ကွေး ရောဂါ
အအေးမိတုပ်ကွေးဟာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်ပြီး အဝါရောင် သို့မဟုတ် အစိမ်းရောင် သလိပ်ထွက်တတ်ပါတယ်။ ဖျားတာ၊ ခေါင်းကိုက်တာ၊ လည်ပင်းနာတာ၊ ချောင်းဆိုးတာ စတဲ့ တခြားလက္ခဏာတွေနဲ့ တွဲနေနိုင်ပါတယ်။
(5) လေပြွန်ယောင်ခြင်း
အဓိကလေပြွန်ကြီး ပိုးဝင်ယောင်ရမ်းတာဖြစ်ပြီး မီးခိုးရောင် သို့မဟုတ် အစိမ်းရောင် သို့မဟုတ် သလိပ်အကြည်တွေ ထွက်ပါတယ်။ ကုသမှုမလိုဘဲ ၃ ပတ်လောက်အကြာမှာ သက်သာသွားတတ်သလို နာတာရှည် လေပြွန်ယောင်တာလည်း ဖြစ်နိုင်ပါတယ်။
(6) နမိုးနီးယား အဆုတ်အအေးမိရောဂါ
အဆုတ်အအေးမိတဲ့အခါ ချောင်းခြောက်ဆိုးတာ ဖြစ်နိုင်သလို အဝါရောင်၊ အစိမ်းရောင်၊ အညိုရောင်၊ သွေးရောင်ရှိတဲ့ သလိပ်ထွက်ပြီး ချောင်းဆိုးတာလည်း ဖြစ်နိုင်ပါတယ်။ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယားကြောင့် ဖြစ်တတ်ပြီး ဖျားတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာ စတဲ့လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။
(7) တီဘီအဆုတ်နာ
ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ တီဘီအဆုတ်နာမှာ ချောင်းဆိုးသွေးပါနိုင်သလို သွေးအရောင် သလိပ်ပါတာလည်း ဖြစ်နိုင်ပါတယ်။ ၃ ပတ်ထက်ပိုပြီး ချောင်းဆိုးတာ၊ အဖျားငွေ့ငွေ့ရှိတာ၊ မစားချင်မသောက်ချင်ဖြစ်တာ၊ သိသိသာသာပိန်သွာတာတွေက တီဘီအဆုတ်နာရဲ့ လက္ခဏာတွေပါ။
(8) ကိုဗစ်ရောဂါ
ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကိုဗစ်ရောဂါမှာလည်း အစိမ်းရောင် သို့မဟုတ် ခပ်ညစ်ညစ်အရောင် သလိပ်တွေ ထွက်တတ်ပါတယ်။ ကိုဗစ်ဟာ ရောဂါပြင်းထန်ရင် သွေးတွင်းအောက်ဆီဂျင်ကျတာ၊ မောတာ၊ အသက်ရှူရခက်ခဲတာတွေထိပါ ဖြစ်နိုင်ပါတယ်။
သလိပ်ရဲ့အရောင်နဲ့ ပမာဏကို ကြည့်တဲ့အပြင် သလိပ်ကို ဓာတ်ခွဲခန်းပို့ပြီး ဘာရောဂါပိုးရှိနေသလဲ စစ်ဆေးလို့ရပါတယ် (ဥပမာ…တီဘီပိုး၊ ဘက်တီးရီးယားပိုးတွေ)။ သလိပ်ထွက်တာက ရောဂါတွေကို ခန္ဓာကိုယ်ကနေ တုန့်ပြန်တဲ့လုပ်ငန်းတစ်ခုမို့ သလိပ်ပါတာများနေရင်၊ အရောင်က ထူးခြားနေရင် ပေါ့ဆမနေသင့်ပါဘူး။ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေကုသသင့်ပါတယ်။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ကျန်းမာရေး ပြဿနာများကို Healtppy ၏ အထူးကုဆရာဝန်ကြီးများနှင့်ဆွေးနွေးကုသနိုင်သလို၊ ဆရာဝန်များနှင့် လွယ်ကူလွတ်လပ်စွာ Messenger (သို့မဟုတ်) Phone ကနေလည်း ဆွေးနွေးကုသမှု ရယူနိုင်ပါတယ်။
ဒေါက်တာ ယဉ်ရွှေရည်